အောင်စိတ်


 “အောင်မြင်မှုကို အနှစ်သာရအားဖြင့် အနက်အဓိပ္ပာယ် ဖွင့်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှု၊ ပျော်ရွှင်မှု အစစ်တွေကို အဆက်မပြတ် ပိုမိုရရှိမှု၊ ဘဝမှာ ကျေနပ်ပီတိ ဖြစ်လောက်တဲ့ ချမ်းမြေ့သာယာမှုနဲ့ သင့်ကို မှီခိုအားထားနေကြသူများ အတွက်ဘာမဆို ဖြည့်ဆည်းလုပ်ဆောင် ပေးနိုင်မှုများပဲပေါ့”

ဒေါက်တာ ဒေးဗစ်ဂျိုးဇက်ရှဝပ်ဇ် David Joseph Schwartz (Ph.D) (The Magic of Thinking Big ရေးသူ)

အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ခေတ်ကြီးမှာ စိုးရိမ်နေလို့မရဘူး။ ကြောက်နေရင် ကျန်ရစ်ခဲ့မယ်။ ရေစုန် မျှောလိုက်နေရင်မြုပ်သွားမယ်။ ရေသာ ခိုနေလို့ ခရီးမရောက်ဘူး။ နင်လား ငါလား ကြိုးစားနိုင်မှ တော်ရုံကျမယ်။ သူများထက်ချွန်ထက်မှ ပျော်ရွှင် ဝမ်းသာစရာ ဆုလာဘ်ကောင်းတွေ ရမယ်။

ဒီအတွက်ကြီးကြီးမားမား၊ အဆင့် အတန်းမြင့်မားတဲ့ အတွေးတွေ ကြံစည် စဉ်းစားမှုတွေ၊ ရည်ရွယ်ချက်တွေ ကိုယ့်မှာမရှိမဖြစ် လိုအပ်ပေလိမ့်မယ်။ စကားမစပ် အကယ်ဒမီကောလိပ်ဂျင်နေဝင်း၊ အကယ်ဒမီကျော်ဟိန်းဆိုတဲ့ ရုပ်ရှင်မင်းသားတွေကို ကြားဖူးခဲ့ပါသလား။ ဪ... နိုင်ငံကျော် သရုပ်ဆောင်မင်းသား ထိပ်သီးတွေပဲ။ ကြည့်ဖူးတာပေါ့။ သိတာပေါ့။ ဟုတ်လား။ အေးဗျ။ တစ်ချိန်က သူတို့ငယ်ရွယ်စဉ် ဘဝတုန်းက တပ်မတော်(ရေ)မှာ ပါဝင်တာဝန်ထမ်းခဲ့ကြဖူးတယ်။ ဟုတ်တယ်။ ဒီမင်းသားတွေက စစ်သားဟောင်းတွေပေါ့။

စစ်သားစိတ်က

ဒိုင်ဗင်တင်လှ၊ ဗိုလ်မှူးဗကို၊ မောင်မောင်တာ၊ မြင့်နိုင်၊ သိုက်စိုး၊ စိန်ဖေတင် (ဆောင်းရုပ်ရှင်ဇာတ်ကား ဒါရိုက်တာ)စတဲ့ နာမည်ကြီး သရုပ်ဆောင် တချို့ဟာ တပ်မတော်မှာ စစ်မှုထမ်းခဲ့ဖူးသူတွေပဲဗျာ။ သူတို့ ဟာလည်း သာမန်ထဲက တက်လာကြ တာပါပဲ။ သေချာတာတစ်ခုကတော့ စစ်တပ်ထဲမှာ တာဝန်ယူခဲ့ရဖူးလေတော့ တာဝန်ကို လေးစားတတ်ကြတယ်။ အချိန်ဆိုတိကျတယ်။ အလုပ်ကို မဖြစ်မနေလုပ်တယ်စသဖြင့် စစ်သားစိတ်က သူတို့ကို ရောက်လေရာမှာ ထူးခြားထင်ရှားအောင် အထောက်အကူ ဖြစ်စေခဲ့တာပေါ့။ အောင်မြင်စေတာပေါ့။

အခုတော့ ဘာမှမဟုတ်သေးပါဘူး ဆိုပေမယ့်နောင်တစ်ချိန်မှာ အောင်မြင် တိုးတက်ဖို့ရာ အခြေခံကောင်းတွေ ရစေတာကတော့ စစ်သားဘဝပါပဲ။ တပ်မတော်သားရဲ့ဘဝဟာ စွန့်စား ရတာတွေနဲ့ ပြည့်နှက်နေကြပါတယ်။ အမြဲတစေလိုလို ရန်သူအမျိုးမျိုးနဲ့ ရင်ဆိုင် ယှဉ်ပြိုင်နေကြရပါတယ်။

တပ်မတော်(ကြည်း)ဖြစ်စေ၊ (ရေ)ဖြစ်စေ၊ (လေ)ဖြစ်စေ အတူတူပါပဲ။ ရဲဘော်၊ တပ်သား၊ တပ်ကြပ်၊ အရာခံ၊ အရာရှိ၊ စစ်သားဟူသမျှ စည်းကမ်းကျင့်ဝတ် အတိုင်း တိတိကျကျ နေရတတ်ရတာပဲ မဟုတ်လား။ စည်းကမ်းချိုးဖျက်လို့မရ။

စစ်သားမှ စွန့်စားရတာမဟုတ်ပါဘူးဗျာ။ အခြားအလုပ်တွေလည်း စွန့်စား ရတာပဲ မဟုတ်လား။ မေးချင်သလား။

လယ်လုပ်၊ ကုန်သွယ်၊ ဈေးဝယ်၊ ဈေးရောင်း၊ ရှေ့နေ၊ ကျောင်းဆရာ၊ ဆရာဝန်၊ သူနာပြု၊ တရားသူကြီး၊ ပွဲစား၊ ဘယ်နေရာ ဘယ် အလုပ်ဖြစ်ဖြစ် စွန့်စားမှုဆိုတာ ရှိကြမှာပါ။ လက်ခံပါတယ်။ အငြင်းမပွားပါ။

သေတစ်နေ့ မွေးတစ်နေ့ စစ်သားဆိုတာကတော့ ကောင်းကင်ယံမှာ လေယာဉ်မောင်းသူပဲဖြစ်ဖြစ်၊ ရေပြင်မှာ သင်္ဘော၊ စက်လှေ၊ ရေငုပ် သင်္ဘောတို့မှာဖြစ်စေ ကမ်းမမြင်၊လမ်းမမြင် တာဝန်ယူရသူဖြစ်ဖြစ်၊ ခြေလျင်စစ်သား ရှေ့တန်းစစ်မြေပြင် ထွက်နေချိန်ဖြစ်ဖြစ် အသက်လုပြီး စွန့်စား လုပ်ဆောင်နေရတာလေ။ သေတစ်နေ့ မွေးတစ်နေ့ သဘောပိုက်လို့သာ သူက စစ်တိုက်နိုင်တာ။ စွန့်စားမှုနဲ့ နေသားကျသူတွေ။

အမေမွေးတဲ့အသက် အပိုအရန် အသက် ရှိသေးတာမဟုတ်ဘူးဆိုပြီး ကြောက်ဆုတ်ကြောက်ဆုတ် လုပ်နေလို့ မရဘူးလေ။ အသေခံပြီး စွန့်စွန့်စားစား လုပ်ဆောင်ရင်းပဲ အပွဲပွဲကို ကျော်ဖြတ် ခဲ့ကြတာ မဟုတ်လား။

သေခြင်းတရားကတော့ စစ်သားမှ ရွေးခေါ်ခြင်းမဟုတ်တာ သေချာပါတယ်။ စစ်သားကောင်းက သေခဲပါတယ်။ အသက်ပြင်းတယ်။ သာမန်လူထက် ထုသား ပေသားကျခဲ့ရတယ်။ တိုက်မြင့်ကြီးပေါ်က စည်းစိမ်ဥစ္စာနဲ့ ကိုချမ်းသာတို့၊ ကိုသက်ရှည်တို့လည်း သေတာပါပဲ။ အကောင်းစား မွေ့ရာထူထူ ကြီးပေါ်မှာ ရုတ်တရက်သေဆုံးကြတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ လူတွေလည်း ရှိတတ် တာပါပဲ။ အကြောင်းရင်းခံအမျိုးမျိုးပေါ့။ သေခြင်းတရားက အချိန်၊ နေရာ၊ မျိုးရိုး၊ ဘာသာ၊ အသက်ကြီး၊ ငယ်၊ ကိုးကွယ် ဘာသာ၊ ယောက်ျား၊ မိန်းမဘာမှမရွေးပါ။ နောက်ဆုံးတစ်နေ့တော့ကြီးကြီးငယ်ငယ် သေကြရမှာချည်းလေ။ ကြောက်စရာ မဟုတ်တာ တွေးကြောက်နေစရာ မလို ပေ။ စစ်သားအိုကြီးတွေ အသက်ရှည်အောင် ဘယ်လိုများစွန့်စားမှုတွေကြားမှာ နေထိုင်ရှင်သန်ခဲ့ကြတာလဲ။ “ယုံကြည် ချက်ဟာ တောင်ကြီးတွေကို ရွှေ့ပစ်နိုင်တယ်” ဆိုတဲ့ အဲဒီစကားဟာ အမှန်ပါ။ ယုံကြည်ချက်ရဲ့ အင်အား အစွမ်းသတ္တိတွေမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဘာမှော်၊ ဘာဂမ္ဘီရပညာ၊ ဘာတန်ခိုးဣဒ္ဓိပါဒ်မှ မပါပါဘူး။ ရိုးရိုးလေးပါပဲ။ “ငါ့မှာ အစွမ်းသတ္တိရှိတယ်။ ငါလုပ်နိုင်တယ်”

အဲဒီလို သူ့ကိုယ်သူ ယုံကြည်ချက် ထက်သန်ခိုင်မာလိုက်တာနဲ့တင် “ငါလုပ် နိုင်တယ်ကွ”ဆိုတဲ့ အပြုသဘောဆောင် တဲ့ အမြင်ဟာ စွမ်းအင်တွေ၊ အကြံကောင်း ဉာဏ်ကောင်းတွေ၊ ကျွမ်းကျင်မှုတွေ၊ လေ့ကျင့်မှုနဲ့ ဇွဲသတ္တိခံနိုင်ရည်တွေ မွေးထုတ်ပေးတော့တာပဲ။ ။

အားတိုက်အင်တိုက် အားစိုက်ပြီး လုပ်တော့တာပဲ။ ပျော့စိပျော့ညက် မလုပ်ဘူး။ မလုပ်ချင် မကိုင်ချင် ပုံစံမျိုး မဟုတ်ဘူး။ တုံးဆိုတိုက်၊ ကျားဆိုကိုက်။

ငါလုပ်နိုင်တယ်။ စိတ်ထဲက ယုံကြည် လိုက်တာနဲ့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အဖြေကိုလည်း အလိုလိုသိလာတော့တာပဲ။ လိုလျှင်ကြံဆ နည်းလမ်းရဆိုတာ မျိုးပေါ့။ ယုံကြည်ချက်ရဲ့ နောက်ဆက်တွဲ အပြုသဘော အကျိုးဆက်တွေက အများကြီးပါပဲ။ ရေတွက်ဖို့တောင် မလွယ်ဘူး။ အောင်စိတ်ရှိလို့ အောင်ပွဲရခဲ့ကြတာပဲ။

အားကစားဖြစ်ဖြစ်၊ တိုက်ပွဲဖြစ်ဖြစ်၊ ဘာပြိုင်ပွဲဖြစ်ဖြစ် ယုံကြည်ချက်စိတ်ဓာတ် ခွန်အားသာတဲ့ လူဘက်က တစ်ပန်းသာ ပြီးသားလေ။ အောင်စိတ်ဆိုတဲ့ စိတ် ခွန်အားကဦးဆောင်ရင် ရုပ်ဝတ္တုပိုင်း ဆိုင်ရာတွေလည်း အလိုလိုခွန်အားပြည့်ဝ သန်မာကြီးမားလာတာပေါ့။ စစ်သားမှာ ဒီလိုအလေ့အကျင့်ဟာ ကောင်းခဲ့ကြတယ်။

ရင်ပေါင်တန်း ခုခေတ်မှာတော့ စစ်သား၊ စစ်သမီးလို့ ပြောရတော့မှာပေါ့။ တပ်မတော်(ကြည်း၊ ရေ၊ လေ)နေရာအားလုံးလိုလိုမှာ အမျိုးသား၊ အမျိုးသမီးတွေ ရင်ပေါင်တန်းပြီး တာဝန်ထမ်းဆောင်နေကြပြီ။

တပ်မတော်သားတွေမှာ ဘဝပေး တာဝန်အရ လေ့ကျင့်ရေးနဲ့ စည်းကမ်း၊ ကိုယ်ကျင့်တရား၊ စိတ်အားထက်သန်မှု၊ မိမိကိုယ်ကိုကြိုးစားမှုတွေကိုအလေ့အထ ဖြစ်နေအောင် ပျိုးထောင်ခဲ့ကြရတယ်။ အဲဒီသင်ယူ လေ့ကျင့်မှုဟာ ဘဝလမ်းကြောင်းတစ်လျှောက်မှာ အထောက် အကူအများကြီးရတာပေါ့။

နောက်တစ်ချက် ထင်ရှားတာရှိသေးတယ်။ အများနဲ့ ညှိယူတတ်တဲ့ပေါင်းသင်းဆံရေးပညာ။ တပ်ထဲမှာ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်းစသဖြင့် ရဲဘော်စိတ် (Spirit-de Corps)တပ်ဖွဲ့စိတ်ကို သွင်းပေးလိုက် တယ်။ ကျောသား ရင်သားမခွဲခြားဘဲ ငါတို့ဟာ သေအတူ ရှင်မကွာ စည်းလုံး ရမှာ၊ ညီညွတ်ရမှာဆိုတာ အကျင့်ပါသွားစေတယ်။

ပူးပေါင်းဆောင်ရွက်နိုင်ကြ စစ်သား၊ စစ်သမီး အများစုက လူလူချင်း ထိတွေ့ပေါင်းသင်းရင်း ရဲဘော် စိတ်ပါရှိလာကြတယ်။ အံမဝင်ဘဲ ထော်လော်ကန့်လန့် လုပ်ချင်သူလည်း ပါကောင်းပါမယ်။ အလွန်နည်းပါတယ်။ ဆက်ဆံရေးပုံသွင်းမှုနဲ့ လေ့ကျင့်ခဲ့ရတော့ ဒေါင်လိုက်ကျကျ၊ လိုက်ကျကျ အများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ကြပါတယ်။

ဒီခေတ် ဒီအချိန်အခါမှာ ဘယ်သူမှ တစ်ယောက်ကောင်း၊ တစ်ဦးကောင်းနဲ့ ကြီးကြီးမားမား အောင်မြင်မှုမျိုးကို မဖော်ဆောင်နိုင်ပါဘူး။ သူကျွမ်းကျင်ရာ၊ သူလိမ္မာထူးချွန်ရာကို တာဝန်ခွဲဝေပေးပြီး စုပေါင်းအားနဲ့ တက်ညီလက်ညီပူးပေါင်း လက်တွဲကာ အကောင်အထည်ဖော်ကြ ရတာမဟုတ်လား။ စုပေါင်းညီညာ အောင်ကြောင်းဖြာ။

လိုအပ်ချက်၊ ဟာကွက်၊ ချွတ်ယွင်း ချက်မရှိအောင် ပူးပေါင်းစွမ်းဆောင်ခြင်း ကို စုပေါင်းအင်အား (Synergy)လို့ ခေါ်ပါတယ်။ ယခင်တုန်းက မလုပ်နိုင်ခဲ့ ကြတဲ့ ရည်မှန်းချက်တာဝန်တွေကို (၂၀)ရာစုမှာ အောင်မြင်ခဲ့တယ်။ ဥပမာလကမ္ဘာကို လူသားခြေချနိုင်တာမျိုးပေါ့။ (၂၁) ရာစုမှာတော့ ကမ္ဘာနဲ့ လအကွာ အဝေးထက် အဆပေါင်းများစွာ ကွာဝေးတဲ့ အင်္ဂါဂြိုဟ်ပေါ်တောင် ရောက်သွားပြီ။ အာကာသဟာ ကျယ်ဝန်းလှပေမယ့် လူသားတွေဟာ သိပ္ပံနဲ့နည်းပညာ စွမ်းအားကြောင့် ကမ္ဘာ့အပြင် ထွက်နိုင်နေပြီလေ။

ဧရာမရလဒ်ကြီးတွေကို ရစေခဲ့တဲ့ မောင်းနှင်အားကဘာလဲ။ နောက်ကွယ်မှာ တကယ်ရှိနေတာကတော့ ယုံကြည်ချက် ပါပဲ။ သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေမှုတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အောင်မြင် မှုတွေဆိုတာဟာလည်း ယုံကြည်ချက်က လမ်းပြခဲ့တာပါပဲ။

ယုံကြည်ပါ။ တကယ်တမ်း ယုံကြည်လိုက်စမ်းပါ။ ခင်ဗျား အောင်မြင် နိုင်မယ် ယုံကြည်ရင် မုချအောင်မြင်မှာပဲ။ သေချာပေါက်ပဲ။

အောင်စိတ်ဟာ ဘဝကို ဆုံးဖြတ်တယ်။

မအောင်မြင်တဲ့လူတွေ၊ ရှုံးနိမ့်တဲ့ လူတွေ၊ သူတို့ ပါးစပ်က ပြောတတ်တဲ့ စကားက ဘာတွေလဲ။

“မှန်တာပြောရရင် အလုပ်ဖြစ်မယ်၊ မထင်ခဲ့ဘူး”

“အစကတည်းက ထင်သားပဲ။ မဟန်ပါဘူးလို့”

“ကျွန်တော် ကြိုးစားကြည့်ပါဦး မယ်။သိပ်တော့ မသေချာဘူးထင်တာပဲ”

အထက်ပါလေသံတွေက ဆုံးရှုံး ခြင်းကို ထုတ်လုပ်ပေးလိုက်ကြတာပါပဲ။ ဒါပါပဲ။ ယုံကြည်မှုမရှိတာဟာ အဖျက် စွမ်းအားပဲ။

မယုံမရဲသံသယတွေ စိတ်ထဲမှာ ပေါ်လာတာနဲ့ အမှိုက်သရိုက်တွေလို မြန်မြန်ရှင်းပစ်လိုက်ပေရော့။ သို့မဟုတ် ရင် မှိုတက်ပြီး အားလုံးပျက်စီးမယ်။ သံသယနဲ့ ဆုံးရှုံးမှုတွေ စဉ်းစားပါ။ မတားပါ။ ဆက်ပြီး အောင်စိတ်နဲ့ အောင်မြင်မှုကို တွေးကြည့်ပါ။ ဒီအချက်က အဓိကအကျဆုံးပဲ။ ဉာဏ်ရည် အမြင့်စားကြီးလည်း ရှိဖို့မလိုပါဘူး။

ယုံကြည်ပါ

ဆွေးမျိုး၊ ဉာတိ၊ အသိုင်းအဝိုင်း အထောက်အကူတွေ ရှိရှိ၊ မရှိရှိ အရေး မကြီးပါဘူး။ ငါလုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မယ်။ အောင်မြင်ရမယ်။ ငါဟာ သူများထက် သာလွန်ကောင်းမွန်အောင် သေချာပေါက် လုပ်နိုင်တယ်လို့ ယုံကြည်ပါ။

သတိပြုစရာတစ်ခု ဖော်ပြပါရစေဦး။

ဒုတိယဆုလောက်သာ မှန်းရင်တော့ သင်ဟာ ပထမဆုကိုရဖို့မဖြစ်နိုင်။ ဒုတိယနဲ့ရပ်ရမှာပဲ။

ယုံကြည်ချက်ဟာ ဘဝဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖန်တီးပေးတဲ့ အပူအအေး ထိန်းညှိကိရိယာလိုပါပဲ။ ပူချင်လို့လည်း ရတယ်။ အေးချင်လို့လည်း ရတယ်။

သာမန်လူစား၊ သူလို ငါလို လုံးလည်ချာလည်လိုက်ပြီး ရုန်းကန် နေကြရသူတွေကို ကြည့်လိုက်။

သူတို့ဟာ နည်းနည်းလေးပဲရထိုက် တယ်ထင်လို့ သူတို့ဘဝ နည်းနည်းလေးပဲ ရတာပါ။

သူကိုယ်သူ အရေးမပါဘူးလို့ ယုံကြည်ခဲ့တာကြောင့် သူလုပ်သမျှဟာ ဖြစ်ကတတ်ဆန်းပဲမို့ အရေးမပါတဲ့ နေရာကို ရောက်သွားရတယ်လေ။ ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ဘူးထင်ခဲ့လို့လည်း တကယ်လုပ်နိုင်စွမ်းမရှိ ခဲ့ရတာပဲပေါ့။

သူ့စွမ်းအားကို သူမချိန်တတ်တဲ့ အတွက် အများစု လူသားတွေဟာ တစ်စထက်တစ်စကျုံ့ပြီး သေးငယ်သည် ထက်သေးငယ်၊ သေးသေးဖွဲဖွဲလူစားတွေ ပဲဖြစ်နေကြတယ်။ ဒါနဲ့အမျှ သူ့ကိုယ်သူ လဲ အထင်သေး၊ သူ့ပတ်ဝန်းကျင်က လူတွေကိုယ်တိုင်ကလည်း သူ့ကိုအထင် သေး အမြင်သေးလို့ပဲ ယူဆဆက်ဆံကြ။

သင်တို့သွားရမယ့်လမ်းကြောင်းက တော့ ရှေ့ကိုအမြော်အမြင်ရှိရှိနဲ့ (ဒီဆောင်းပါးကို ဖတ်မိပြီးပြီလေ) ကောင်း သည်ထက်ကောင်းအောင် စွမ်းဆောင် ဖို့ပါပဲ။ ဘယ်လိုလူစားလဲ။ ဒီလိုလူစားပဲ။

သူဟာ ကြီးကြီးကျယ်ကျယ်နဲ့ ခက်ခက်ခဲခဲအလုပ်မျိုးကို လုပ်နိုင်စွမ်း ရှိတယ်လို့ သူ့ကိုယ်သူအပြည့်အဝ ယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်း လည်း လုပ်နိုင်တာပဲ။

သူ့ကိုယ်သူ တန်ဖိုးမြင့်အောင် စည်းကမ်းစနစ်နဲ့နေထိုင်တယ်။ လုပ်ကိုင် တယ်၊ စနစ်တကျ ထိန်းကျောင်းလေ့ရှိတယ်။ သူ့လမ်းစဉ်၊ သူ့အမြင်၊ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး လူတိုင်းက “ဒီလူဟာ တကယ့်လူတော်ပဲ။ တကယ့်ကိုအရေးကြီးတဲ့လူပဲ”လို့ပြောယူရတဲ့ထိ။

သေသေချာချာ သိရပါပြီ လူတစ်ယောက်ဟာ သူ့ကိုယ်ပိုင် စိတ်ကူးက ထုတ်လုပ်လိုက်တဲ့ပုံစံအတိုင်း ဖြစ်လာရတာပဲ။ မြင့်မြင့်မားမား ယုံကြည် ပါ။ လူနေချုံကြား ဖြစ်ချင်ဖြစ်ပါစေ၊ စိတ်နေဘုံဖျား။

ကိုယ့်ဘဝရဲ့ စက်ခလုတ်ကို ရှေ့ကိုပဲ လှည့်ပါ။ အားကိုမြှင့်ပါ။ ရိုးသားမှု၊ ကြိုးစားမှု၊ သစ္စာရှိမှု၊ ကိုယ်ကျိုး မကြည့် ဘဲ သူတစ်ပါးကို စာနာလေးစားမှု၊ အကြီးကြီးကြံရင် အကြီးကြီးဖြစ်မယ်လို့ ယုံကြည်တဲ့ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ယခင်ကထက် သိသိသာသာတိုးတက် အောင်မြင်ပါစေ။

ယုံကြည်ချက်အားကောင်းစေမယ့် အချက် သုံးချက်ဖော်ပြပြီး နိဂုံးချုပ်ပါမယ်။

၁။ အောင်မြင်ဖို့ပဲတွေးပါ။ ဆုံးရှုံးမှာကို မစဉ်းစားပါနဲ့။

၂။ သင်ဟာ သင်ထင်တာထက် ပိုတော်တယ်လို့ အမြဲမပြတ်တပ်လှန့်ထားပါ။ (ဒါဟာ အမှန်တကယ်ပါပဲ)

၃။ ကြီးကြီးမားမား အောင်မြင်မယ်လို့ ရဲရဲယုံကြည်ပါ။

တကယ်တော့ ကြီးမားတဲ့အကြံနဲ့ ကြီးမားတဲ့အောင်မြင်မှုတွေ၊ စီမံကိန်း တွေဆိုတာ သေးနုပ်တဲ့ စီမံကိန်းတွေ၊ သေးနုပ်တဲ့အကြံအစည်တွေထက် ဘာမှ ပိုမခက်ပါဘူး။

ချစ်နိုင်(စိတ်ပညာ)

Post a Comment

0 Comments